ဂျကာတာ မတ် ၃

 

အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၉၂၀ ယနေ့ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံတစ်ဝန်း၌ ရောဂါကူးစက်ခံရသူပေါင်း ၅၆၃၀၀၉၆ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

 

အလားတူ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၃၇၆ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၄၉၀၃၆ ဦးရှိလာသည်။ သို့သော် လွန်ခဲ့သောတစ်ရက်တာအတွင်း ၄၂၉၃၅ ဦး ပြန်လည်သက်သာလာခဲ့ရာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသူပေါင်း ၄၉၄၄၂၃၇ ဦး ရှိလာပြီဖြစ်သည်။

 

အင်ဒိုနီးရှားအစိုးရကနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လက်ရှိ အချိန်အထိ ပြည်သူ ၁၉၀ ဒသမ ၉၇ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ပြီး ပြည်သူ ၁၄၄ ဒသမ ၅၀ သန်းကျော်သည် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို အသုံးပြု လျက်ရှိသည်။

 

အင်ဒိုနီးရှားအစိုးရက ပြည်သူ ၂၀၈ ဒသမ ၂ သန်းအား ကာကွယ်ဆေးထိုးနှံ ပေးရန်ရည်ရွယ်ထားရာ လက်ရှိအချိန်အထိ ကာကွယ်ဆေးအလုံးရေ ၃၄၅ ဒသမ ၇၀ သန်းကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်