နေပြည်တော်၊ မတ် ၃
 
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် မတ် ၂ ရက်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ စစ်ဆေးပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံသည်။ 
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် မန္တလေးမြို့ ၆၃ လမ်း၊ သိပ္ပံလမ်းနှင့်ချယ်ရီလမ်းကြားရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အတွင်း မိုးတွင်းကာလ ရေဝင်ရောက်မှုကို ကာကွယ်ထိန်းသိမ်းရန် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် အုတ်တံတိုင်းကာရန်ခြင်းလုပ်ငန်း၊ ရေစီးရေလာကောင်း မွန်ရေးအတွက် ရေနုတ်မြောင်း ပြုလုပ်ခြင်းလုပ်ငန်းနှင့် ရုံးအဆောက်အအုံ ထိန်းသိမ်းရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားသည်။  
 
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် ပြည်ထောင်စု နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိမှ တိုးတက်မည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရှိမှ အေးချမ်းမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ငြိမ်းချမ်းရေး တည်ဆောက်ရေးတွင် အရေးကြီးကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း ပန်းခင်းစီမံချက်သည် အရေးကြီးသဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ဆွေးနွေးမှုများကို ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားများနှင့်ပတ်သက်၍ TA/LA ဆရာ ဆရာမများ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ခန့်ထားနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ယခုတက်ရောက်လာသည့် တိုင်းရင်းသားအဖွဲ့များအနေဖြင့် ဘာသာရပ်သင် ဆရာ ဆရာမများ လိုအပ်ချက် ရှိပါကလည်း သက်ဆိုင်ရာ ညွှန်ကြားရေးမှူးမှတစ်ဆင့်  တင်ပြပေးစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း တိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ အချင်းချင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျှင် သက်ဆိုင်ရာ တိုင်းရင်းသားဝန်ကြီးက ညှိနှိုင်းဖြေရှင်း ပေးရန်အတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးများအား အာဏာခွဲဝေ အပ်နှင်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တိုင်းရင်းသားအရေးကိစ္စ ကြီးငယ်ဖြစ်ပေါ်လျှင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးထံ တင်ပြနိုင်ပါကြောင်း မှာကြားသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး မန္တလေးတိုင်း ဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွံ့က မန္တလေးတိုင်းတွင် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့်  ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသည့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက မိမိတို့အဖွဲ့အလိုက် ဆောင်ရွက်နေသည့် စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဒြပ်ရှိ/ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ဆွေးနွေး တင်ပြသည်။ ယင်းနောက် စာပေယဉ်ကျေးမှုအဖွဲ့များ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက် မြင့်တင်ရေး လုပ်ငန်းများအတွက် တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ် (၄၀၀၀၀ဝ) စီကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက လက်ခံရယူခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်