နေပြည်တော်၊ မတ် ၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂ ရက်နှင့် ၃ ရက်တို့တွင် ပဲခူတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ (၇ ဒသမ ၆၉၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၁၃,၈၇၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ယနေ့တွင် ရှမ်းပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လာရှိုးမြို့ရှောင်လမ်းမကြီး နမ္မတူလမ်းခွဲအနီးတွင် တန့်ယန်းမှ မူဆယ်သို့ ထွက်ခွာလာသည့် မော်တော်ယာဉ်များအား လားရှိုးမြို့နယ် တာဝန်ကျအကောက်ခွန်အဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် အချိုရည်မျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇,၆၉၅,၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၆၉၅,၀၀၀) ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၀)နှင့် စိုက်ပျိုးရေးသုံးပစ္စည်းနှင့် စားသောက်ကုန်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၄၀,၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ဗန်းမောက်မြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်နှင့် ကျွန်းခွဲသား (၂၁ ဒသမ ၅၇၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၂၉,၆၈၀)ကို သစ်တော ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၆၉,၆၈၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆,၇၇၈,၅၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်