ကိဗ် မတ် ၄
ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားမှု ကြောင့် ယူကရိန်းနိုင်ငံမှ အိမ်နီးချင်း နိုင်ငံများသို့ ရွှေ့ပြောင်းသွားသည့် စစ်ဘေးရှောင်ဒုက္ခသည် ၈၇၀၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ယမန်နေ့က ပြောကြားသည်။
ယင်းတို့အနက် ၄၅၀၀၀၀ သည် ပိုလန်နိုင်ငံအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ပိုလန်နိုင်ငံမြို့တော် ဝါဆောရှိ ဘူတာရုံတစ်ခု၌ ခရီးဆောင်လက်ဆွဲ သေတ္တာများ ကိုင်ဆောင်ထားသည့် စစ်ဘေးရှောင် ယူကရိန်းနိုင်ငံသားများနှင့် ပြည့်နှက်လျက်ရှိကြောင်းနှင့် အဆိုပါဒုက္ခသည်များသည် ပိုလန်နိုင်ငံမှ အခြားသောနိုင်ငံများသို့ သွားရောက်ဖွယ်ရှိကြောင်း သိရသည်။
ပိုလန်အစိုးရက ယူကရိန်းဒုက္ခသည်များအား မီးရထားများနှင့် ဘတ်စ်ကားများကို အခမဲ့စီးနင်းခွင့်ပြုထားသည်။
ဘူတာရုံပြင်ပတွင်လည်း အဆိုပါ ဒုက္ခသည်များအား သောက်သုံးရေ၊ တစ်ခါသုံးစက္ကူများနှင့် အဝတ်အစားများကို စေတနာ့ဝန်ထမ်းများက လိုက်လံဝေငှပေးလျက်ရှိသည်။ အလားတူ ဘတ်စ်ကားဂိတ်များတွင်လည်း ဒုက္ခသည်များအား စွပ်ပြုတ်များ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ကလေးငယ်နှစ်ဦးအား လက်တွဲလျှောက်လာသည့် အသက် ၆၃ နှစ်အရွယ် အဘွားအိုတစ်ဦးက ၎င်း၏နေအိမ် ဖျက်ဆီးခံလိုက်ရကြောင်းနှင့် သူ၏သားသည် ပြည်တွင်းကာကွယ်ရေးအဖွဲ့သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်းပြောသည်။
အိုးအိမ်မဲ့ ယူကရိန်းနိုင်ငံသားများအား အထောက်အပံ့များပေးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခု ကျင်းပရန် ဥရောပသမဂ္ဂက အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပြောကြားထားကြောင်း သိရသည်။
ယူကရိန်း ဒုက္ခသည်များအား ၎င်းတို့၏ နိုင်ငံများ၌ ရက် ၉၀ ကျော်နေထိုင်ခွင့်ပြုပြီး အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာဆည်းပူး လေ့လာခွင့်များပေးရန် စသည့်ကိစ္စရပ်များကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးကြမည်ဖြစ်သည်။
လက်ရှိတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ ယူကရိန်းဒုက္ခသည် ၆၅၀၀၀၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်