ကြို့ပင်ကောက် မတ် ၆
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်ရှိဆောင်းသီးနှံ မတ်ပဲစိုက်တောင်သူများ ယခုနှစ် ပဲပေါ်ချိန် ဈေးကောင်းရ၍ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
ယခင်နှစ်က ဆောင်းသီးနှံစိုက်ရာသီတွင် ရာသီဥတု ဖောက်ပြန်ခြင်း၊ ဖျက်ပိုးကျရောက်ခြင်းနှင့် ဈေးကောင်းမရရှိခြင်းတို့ကြောင့် မတ်ပဲစိုက်တောင်သူများ ပဲပေါ်ချိန် အရှုံးနှင့်ရင်ဆိုင် “ယခုနှစ် ကျွန်တော် ပဲတီစိမ်းတစ်ဧကနဲ့ မတ်ပဲခြောက်ဧက စိုက်ထားပါတယ်။ ပဲအထွက်နှုန်းကတော့ တစ်ဧကကို ၁၆ တင်းနှုန်းလောက် ထွက်တယ်။ သွင်းအားစု ကုန်ကျစရိတ်ကတော့ သိန်း ၂၀ ဝန်းကျင် ကုန်ပါတယ်။ အခု ပဲဈေးနဲ့ဆို အမြတ်ငွေများပါတယ်။ ပဲတီစိမ်းကတော့ ဈေးကျနေတော့ လုပ်အားခလောက်ပဲ ပြန်ရပါတယ်။ အဲဒါကြောင့် မတ်ပဲကို ဈေးမကျခင်မှာ အချိန်မီရောင်းချနိုင်ရေး ဆောင်ရွက်နေပါတယ်” ဟု ဒန့်ဒလွန် ကွင်းကျေးရွာမှ တောင်သူဦးစိန်ဝင်းက ပြောသည်။
ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် မတ်ပဲစိုက်ဧက ၇၂၂၁၇ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆောင်းသီးနှံများ အထွက်တိုးစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ကျေးရွာပဲစိုက်ခင်း များထဲအရောက် အသိပညာပေးဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


