mdn

ပန်းတနော်၊ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတိုင်းကလေးကျေးရွာ၌ မတ်လ ၅ ရက် ည ၁၁ နာရီ မီနစ် ၄၅ အချိန်ခန့်က မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် (၃၈)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ   မီးလောင်မှုဖြစ်စဥ်မှာ ကျုံတိုင်းကလေးကျေးရွာ   ဦးစံဝင်းနေအိမ် မီးဖိုမီးကြွင်းမီးကျန်မှစတင်၍ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ၎င်းမီးလောင်မှုကြောင့် သွပ်မိုး၊ ဓနိကာ၊ ပျဥ်ခင်း လူနေအိမ်(၆)လုံး နှင့် ဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်း လူနေအိမ် (၃၂)လုံး စုစုပေါင်း လူနေအိမ် (၃၈)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး   လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်းနှင့် မီးဘေးဒုက္ခသည် အိမ်ထောင်စု (၁၈) စု၊ လူဦးရေ စုစုပေါင်း (၁၄၂) ဦးတို့အား သာသနာ့ပါလ ဘုန်းတော်ကြီး ကျောင်းတွင် ယာယီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။

 မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးဦးမောင်မောင်ဦး ဦးစီးသော သန္ဓေတပ်ဖွဲ့ဝင် (၂၇)ဦးတို့သည် မီးငြှိမ်းသတ်ယာဥ်( ၂)စီး၊ ပသွယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် (၁) စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ ကျေးရွာပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ ဦးစံဝင်းအား ပန်းတနော်မြို့နယ် ဇရပ်လှကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ပြည့်ဖြိုးကျော်( ပြန်/ ဆက်)