စစ်တွေ  မတ်   ၆

 

ရခိုင်ပြည်နယ်ဦ ရမ်းဗြဲမြို့နယ်၌ ရမ္မာဝတီဘိုး ဘွားရိပ်သာဖွင့်ပွဲနှင့် တိပိဋကဓရဆရာတော်ကြီး ရှစ်ပါးပူဇော်ပွဲကို မတ် ၆ ရက် နံနက်ပိုင်းက ရမ္မာဝတီဘိုးဘွားရိပ်သာ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ရမ္မာဝတီဘိုးဘွားရိပ်သာ ဆိုင်းဘုတ်အား တိပိဋကဓရဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်း ကျောက်စာကို အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဘိုးဘွားရိပ်သာ ဓမ္မာရုံခန်းမ၌ ဆက်လက်ကျင်းပရာ တိပိဋကဓရ ဆရာတော်များ၊ သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်ပေး ကြသည်။

 

mdn

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက  တိပိဋကဓရ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်) ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ကြသည်။ ယင်းနောက် ရမ်းဗြဲမြို့နယ်၊ ပုဏ္ဏားတောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္တောဘာသနှင့် ပုသိမ်မြို့၊ ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တခေမိန္ဒတို့က ဩဝါဒါကထာ ချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘိုးဘွားရိပ်သာဖွင့်ပွဲနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

 

ထို့နောက် ရမ်းဗြဲမြို့နယ်အသင်း (ရန်ကုန်) နာယက က ဘိုးဘွားရိပ်သာ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍လည်းကောင်း၊ ရမ်းဗြဲမြို့နယ်အသင်း (ရန်ကုန်) ဥက္ကဋ္ဌက ဘိုးဘွားရိပ်သာ တည်ဆောက်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ အတွင်းရေး မှူးက ဘဏ္ဍာငွေများကိစ္စနှင့်ပတ်သက်၍ လည်းကောင်းလျှောက်ထားကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က တိပိဋကဓရ  ဆရာတော်ကြီး ရှစ်ပါးအား လှူဖွယ် ဝတ္ထုများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များက တိပိဋကဓရ ဆရာတော်များနှင့် ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

 

mdn

 

ဆက်လက်၍ ရမ္မာဝတီဘိုးဘွားရိပ်သာသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် သိန်း ၁၀၀ အား ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ကလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ လှူဒါန်းငွေကျပ် သိန်း ၆၀ အား ပြည်နယ်လူမှုရေးရာ ဝန်ကြီးကလည်းကောင်း ပေးအပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ယင်းနောက် တိပိဋကဓရ ဘဒ္ဒန္တဣန္ဒပါလ (ရမ္မာဝတီ ဆရာတော်) ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရုပ်သိမ်းခဲ့ကြပြီး ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)