မြစ်ကြီးနား မတ် ၆
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က “မိမိတို့ ကချင်ပြည်နယ်သည် မြေပေါ်မြေအောက် သယံဇာတများ ပြည့်စုံကုံလုံနေရုံသာမကဘဲ တိုးချဲ့စိုက်ပျိုးရန် မြေလွတ်မြေလပ်များ ရှိနေသေးခြင်း၊ မြေဆီ၊ မြေနှစ် ကောင်းမွန်ခြင်း အစရှိသည့် သဘာဝအားသာချက်များ ရှိသည့်အတွက် အလယ်အလတ်အဆင့် စိုက်ပျိုးရေး ပညာရှင်များဖြစ်တဲ့ ကျောင်းဆင်းမောင်မယ်တို့အနေနဲ့ စျေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီသော သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး၊ တောင်သူလယ်သမားများရဲ့ လူမှုဘဝမြင့်မားစေရေး အတွက် ခေတ်မီစိုက်ပျိုးနည်းပညာများ ကျွမ်းကျင်စွာ တက်မြောက် စွမ်းဆောင်နိုင်မည့် လူသားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးသန့်က ကျောင်းဆင်း မောင်မယ်များအား ကျောင်းဆင်း ကတိကဝတ်များ ကတိပြုဖြေကြားစေပြီး ဒီပလိုမာလက်မှတ်များ အပ်နှင်းရာ အခမ်းအနားသို့ တက်ရောက် ကျောင်းသား ကျောင်းသူ ၂၄ ဦးနှင့်အဝေးရောက် ကျောင်းသား ကျောင်းသူ ၁၁ ဦး စုစုပေါင်း ၃၅ ဦးတို့က လက်ခံရယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ပညာသင်နှစ်အတွင်း ပထမနှစ်မှ နောက်ဆုံးနှစ်အထိ တန်းစဉ်ပေါင်းတွင် ဆုရရှိသည့် ထူးချွန်ကျောင်းသား ကျောင်းသူများအား ငွေသားဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


