ရန်ကုန် မတ် ၇
မြန်မာလူငယ်ဘောလုံးအသင်းများသည် ယခုနှစ်အတွင်း အာဆီယံအဆင့်လူငယ်ဘောလုံး ပြိုင်ပွဲများ ပြန်လည်ကျင်းပဖြစ်ပါက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာလူငယ်လက်ရွေးစင်ဘောလုံးအသင်းများဖြစ်သည့် ယူ-၁၉ အမျိုးသားအသင်း၊ အမျိုးသမီး အသင်း၊ ယူ-၁၆ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့မှာ နိုင်ငံတကာပြိုင်ပွဲများနှင့် နှစ်နှစ်ဝန်းကျင်ဝေးကွာနေပြီး ယခုနှစ်အတွင်း ပြိုင်ပွဲများ ပြန်လည်ကျင်းပဖြစ်မှသာ ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင်မှ အောက်တိုဘာအတွင်း ပြုလုပ်သွားဖွယ်ရှိနေသည်။ မြန်မာဘောလုံးအသင်း များသည် အာဆီယံအဆင့်ပြိုင်ပွဲများတွင် ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယင်းပြိုင်ပွဲများ ယှဉ်ပြိုင်ဖြစ်ပါကလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာလူငယ်လက်ရွေးစင်အသင်း များမှာ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတကာပြိုင်ပွဲများနှင့် ဝေးကွာလျက်ရှိပြီး ယခုနှစ်အတွင်း ပြိုင်ပွဲများကျင်းပဖြစ်ပါက ကာလအတန်ကြာမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်လာမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ပြိုင်ပွဲများ ပုံမှန်မကျင်းပနိုင်သဖြင့် အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲအားလုံး ပြန်လည်ကျင်းပရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပထမဆုံးပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၂၃ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့ပြီး ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲကို ဧပြီတွင် ထိုင်းနိုင်ငံ၌ ထပ်မံကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်