ရန်ကုန်၊ မတ် ၇
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဒလ-ပန်းဆိုးတန်း(ရန်ကုန်)သို့ ချယ်ရီကူးတို့သင်္ဘောကြီး နှစ်စီးဖြင့် နေ့စဉ် နံနက်(၅)နာရီခွဲမှ ည(၇)နာရီခွဲအထိ ပြေးဆွဲပေးနေလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဒလမြို့ဘက်ခြမ်းမှ ပြည်သူများ ရန်ကုန်မြို့နှင့် ရန်ကုန်မြို့မှ အခြားသောမြို့များသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာနိုင်ရေးအတွက် ရေကြောင်းခရီးသွားလာရာတွင် ဘေးအန္တရာယ်လုံခြုံမှုရှိသည့် ချယ်ရီကူးတို့သင်္ဘောကြီး (၃)စီးမှ တစ်စီးနား၊ နှစ်စီးအလှည့်ကျ ပြေးဆွဲသည့် စနစ်ဖြင့် ခရီးသည်ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည်။
ချယ်ရီကူးတို့သင်္ဘောကြီးဖြင့် ခရီးသည်များအား ပို့ဆောင်ပြေးဆွဲရာတွင် ဒလမြို့ဘက်ကမ်းမှ နေ့စဉ် နံနက်(၅)နာရီခွဲတွင် ပန်းဆိုးတန်း(ရန်ကုန်)သို့ စတင်ပြေးဆွဲပြီး ည(၇)နာရီတွင် ဒလမြို့ဘက်ကမ်းမှ ပန်းဆိုးတန်း(ရန်ကုန်)သို့ နောက်ဆုံးသင်္ဘော ထွက်ခွာချိန်ဖြစ်သည်။
ပန်းဆိုးတန်း(ရန်ကုန်)မှ နေ့စဉ် နံနက် (၆)နာရီတွင် ဒလမြို့ဘက်ကမ်းသို့ စတင်ပြေးဆွဲပြီး ည(၇)နာရီခွဲတွင် ပန်းဆိုးတန်းမှ ဒလမြို့ဘက်ကမ်းသို့ နောက်ဆုံးသင်္ဘော ထွက်ခွာချိန်ဖြစ်သည်။ ဒလမြို့မှ ပန်းဆိုးတန်းသို့ နေ့စဉ် နံနက် (၅)နာရီခွဲမှ ည(၇)နာရီအထိ၊ ပန်းဆိုးတန်းမှ ဒလမြို့သို့ နေ့စဉ် နံနက်(၆)နာရီမှ ည(၇)နာရီခွဲထိ ခရီးသွားပြည်သူများအား ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ချယ်ရီကူးတို့သင်္ဘောကြီးနှစ်စီးဖြင့် ပို့ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ချယ်ရီကူးတို့သင်္ဘောကြီးများ၏ ခရီးသည်တင်နိုင်စွမ်းအားသည် သင်္ဘောတစ်စီးလျှင် ခရီးသည်(၁၂၀၀)ခန့် လိုက်ပါနိုင်ကြောင်း သိရသည်။
ကမ္ဘာ့ကူးစက်မြန်ရောဂါ ဖြစ်ပွားလျက်ရှိသည့် ယခုကာလတွင် ခရီးသွားပြည်သူများ လျော့နည်းလျက်ရှိသော်လည်း ခရီးသွားပြည်သူများ၏ သွားလာမှု လုပ်ငန်းကိစ္စများ အဆင်ပြေမှုရှိစေရေးအတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ချယ်ရီကူးတို့သင်္ဘောကြီးများ၏ ခရီးစဉ်ပြေးဆွဲမှုအစီအစဉ်အား ပြည်သူများသိရှိနိုင်ရန် ဒလသင်္ဘောလက်မှတ်ရုံနှင့် ပန်းဆိုးတန်းသင်္ဘောလက်မှတ်ရုံတွင် ကြေညာထားကြောင်း သိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ချယ်ရီကူးတို့သင်္ဘောကြီးအား လိုက်ပါစီးနင်းကာ ပြည်သူများ၏ လူမှုဘဝများ ပြည့်စုံအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကူးတို့သင်္ဘောဆိပ်ကမ်းတစ်ဆိပ်မှ ကူးတို့သင်္ဘောခေါက်ရေ (၄၀)၊ ကူးတို့သင်္ဘောဆိပ် နှစ်ဆိပ်ပေါင်း ကူးတို့သင်္ဘောခေါက်ရေ (၈၀)အား နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မောင်ယဉ်ဦး