ရန်ကုန် မတ် ၇
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ရွှေတိဂုံ စေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး “နီလာ နီလာ” အစချီသော မဟာပဋ္ဌာန်းရောင်ခြည်တော် ဖွင့်ဂါထာဖြင့် ဘုရားရှင်ကို စာချဆရာတော် ဘဒ္ဒန္တ ကေလာသက လည်းကောင်း၊ ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် ကုသိုလ်တော်အတူပြုရန်အတွက် နတ်ဗြဟ္မအပေါင်းတို့အား ဂါထာပါး၍ စာချဆရာတော်သောဘနက ပင့်ဖိတ်ကြား၍လည်းကောင်း ဆောင်ရွက်တော်မူကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ပဓာန နာယက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ပါဠိပါရဂူ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်) ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးကိစ္စနှင့် စပ်လျဉ်း၍ အလှည့်ကျ သဘာပတိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။
ထို့နောက် မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ရောင်မြတ်တန်ဆောင်းကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပဝရာဘိဝံသနှင့် အလှည့်ကျဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းတို့က ဆီမီးတန်ဆောင်း ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာအား စာချဆရာတော် ဘဒ္ဒန္တဝိစာရက ရွတ်ဖတ်ကာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်သည်တော်များက မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ ဒေသနာတော်ကိုစုပေါင်း ရွတ်ဖတ်ပူဇော်ကြပြီး ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်မှ ပဋ္ဌာန်းဒေသနာတော်များ အသံမစဲဆက်လက်ရွတ်ဖတ် ပူဇော်ကြသည်။
ရွှေတိဂုံစေတီတော် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ယနေ့မှ မတ် ၁၆ ရက်အထိ ပင့်သံဃာတော် ၁၈ ပါးဖြင့် ၁၀ ရက် တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- ကိုကိုဇော်(MNA)


