နေပြည်တော် မတ် ၇

မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်နေ မစန်းစန်းမူ၊ ချမ်းမြသာစည်မြို့နယ်နေ မထက်ထက် (ခ) ညိုပြာအေး၊ (လိပ်စာတူ) မသီတာအေး(ခ) သဲသဲ (ခ) အေးစိတိုးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်နေ နိုင်လင်းကို တို့က စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့ နယ်၊ မင်းကွန်းတိုက်နယ်၊ ကင်းကျေးရွာနေ မစန်းစန်းမူ၏ တူမဖြစ်သူ မ xxx ၊ ၁၄ နှစ်ကို အိမ်ဖော် (သို့မဟုတ်) အထည်ဆိုင်တွင် အလုပ်ရမည်၊ တစ်လလျှင် ငွေ (၁၂၀၀၀၀) ကျပ်ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံ၊ တုံကွမ်းမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားခဲ့သဖြင့် မန္တလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၄ ရက်တွင် တရားခံ မစန်းစန်းမူ၊ မထက်ထက် (ခ) ညိုပြာအေး၊ မသီတာအေး (ခ) သဲသဲ (ခ) အေးစိတိုးနှင့် နိုင်လင်းကို တို့အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ  ၂၄ အရ အလုပ်နှင့်ထောင်ဒဏ်  ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်