နေပြည်တော်၊ မတ် ၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၆ ရက် ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်တွင် မဂျမီလာ ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၅၀၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်နေ ကောင်းဆက်ဟန်၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂,၆၀၀ သိမ်းဆည်းရမိခဲ့ပြီး သတင်းအရ ညနေ ၄ နာရီခွဲတွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်နေ နီတိုး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၅ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ မတ် ၅ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ကျေးရွာတွင် ရဲခိုင် (ခ) ထီးဆိုင်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ ဈ-ရပ်ကွက်၊ သီရိရတနာ လက်ကားဈေးဝင်း အတွင်းရှိ ကားဂိတ်တွင် Toyota Probox မော်တော်ယာဉ်တစ်စီးနှင့်အတူ လူမဲ့တန်ဆာပစ္စည်း လာရောက်ထုတ်ယူသူ တင်ကိုဝင်း (ခ) ရာရှင်၊ ဇနီးဖြစ်သူ မသူဇာလွင် (ခ) မစိုး (ခ) ရှာဗန်းမီနှင့် သမီးဖြစ်သူ မတင်မိုးခိုင် (ခ) စိုက်သားဘာနူးတို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၉၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် သာကေတမြို့နယ်၊ အမှတ် (၁) အနော်မာရပ်ကွက်၊ အမှတ် (၄၇၇/ခ) နေ ကျော်သူရ (ခ) နူးမိုဟာမက်အား ၎င်း၏နေအိမ်၌လည်းကောင်း။
ထို့အတူ မတ် ၅ ရက် ည ၁၁ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ နေမင်းရောင် တိုးဂိတ်အနီးတွင် မနန်းခေါင် မောင်းနှင်လာသည့် X-TRAIL အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား