ဒမတ်စကတ် မတ် ၈
ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကတ်ရှိ ဆီးရီးယား စစ်ဘက်အခြေစိုက်စခန်းတစ်ခုကို မတ် ၇ ရက်က အစ္စရေး ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု ဆာနားသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ အစ္စရေးတို့၏ တိုက်ခိုက်မှုမှာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယား လေကြောင်းကာကွယ်ရေးအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း၊ အစ္စရေး ဒုံးကျည် အများအပြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဆာနားသတင်းဌာန၌ ဖော်ပြထားသည်။
နောက်ထပ်သတင်းအချက်အလက်များ မရသေးသော်လည်း ပျက်စီးမှုများရှိကြောင်း သိရသည်။ ယခု ဒုံးကျည်တိုက်ခိုက်မှုသည် ဆီးရီးယားစစ်ဘက် နေရာများကို ပစ်မှတ်ထား၍ အစ္စရေးဘက်မှ နောက်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး အစ္စရေးဘက်မှ မည်သည့်မှတ်ချက်မျှ ပြောဆိုခဲ့ခြင်းမရှိချေ။
ဖေဖော်ဝါရီ ၂၂ ရက်ကလည်း အစ္စရေးတို့၏ ဆီးရီးယားစစ်ဘက်ကို တိုက်ခိုက်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများ ပေါ်ပေါက်ခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ဒမတ်စကတ်မြို့ရှိ အချို့သောနေရာများကို ပစ်မှတ်ထားကာ အစ္စရေးတို့က ဒုံးကျည်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ဆင်ဟွာ