ဝါရှင်တန် မတ် ၈
အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်း အိုင်အိုဝါပြည်နယ်ရှိ နေရာအတော်များများတွင် ယခုသီတင်းပတ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ခုနစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ မာဒီဆွန်ခရိုင်မှ ကလေးနှစ်ဦး အပါအဝင်ခြောက်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ အရေးပေါ် အေဂျင်စီက မတ် ၅ ရက်တွင် တွစ်တာမှတစ်ဆင့်ပြောကြားခဲ့သည်။ နေအိမ် ၂၄ လုံးမှာလည်း ပျက်စီးခဲ့သည်ဟု အဆိုပါအေဂျင်စီမှ သိရသည်။
လူကက်စ်ခရိုင် အနီး ကျေးလက်ဒေသမှ လူတစ်ဦးမှာ လည်း လေဆင်နှာမောင်းဒဏ်ကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ အပျက်အစီး များပြားသည့်ဒေသများသို့ သွားရောက်ရန်အတွက် ဒေသခံခေါင်းဆောင်များနှင့် ဆက်သွယ်မှုပြုလုပ်ထားသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ကင်ရေးလ်နော့က ပြောသည်။
အပျက်အစီးများကို မြင်တွေ့ ရသည်မှာ စိတ်နှလုံးထိခိုက်ဖွယ်ကောင်းကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ မတ် ၅ ရက် တစ်လျှောက်လုံးတွင်လည်း နောက်ထပ် ပြင်းထန်သည့် မုန်တိုင်းများ တိုက်ခတ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ အာကန်ဆာ၊ အိုကလာဟိုးမားနှင့် မစ်ဆူရီ တောင်ပိုင်းတို့တွင်လည်း လေဆင်နှာမောင်း သတိပေးချက်ထုတ်ပြန်ထားသည်။
ဆင်ဟွာ