မော်စကို မတ် ၇
ရုရှားသမ္မတပူတင်နှင့် ပြင်သစ်သမ္မတမက်ခရွန်တို့သည် ယမန်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြရာ လက်ရှိယူကရိန်းနိုင်ငံအခြေအနေ နှင့်ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ။
ထိုသို့ဆွေးနွေးစဉ် ပူတင်က ဇာပိုရစ်ဇ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံဧရိယာတွင် အဖျက်အမှောင့် အုပ်စုတစ်စုနှင့် ယူကရိန်းအစွန်းရောက် ဝါဒီများကလုပ်ဆောင်နေသည့် ရန်စမှုများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြင်သစ်သမ္မတ မက်ခရွန်အား ပြောကြားခဲ့သည်။ ဤဖြစ်ရပ်နှင့်ပတ်သက်၍ ရုရှားတပ်မတော်ကို အပြစ်တင်ရန် ကြိုးပမ်းလုပ်ဆောင်မှုများသည် ဝါဒဖြန့်လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းပင်ဖြစ်ကြောင်း၊ နျူကလီးယားစက်ရုံ၏ ရုပ်ပိုင်းဆိုင်ရာနှင့် နျူကလီးယားလုံခြုံရေးအတွက် ကောင်းမွန်စွာကာကွယ်ထားကြောင်း ကရင်မလင်ကထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံရှိ နျူကလီးယားစက်ရုံများ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ခု ဖန်တီးရေးအတွက် ချာနိုဘိုင်းဒေသတွင် အိုင်အေအီးအေ၊ ရုရှား၊ ယူကရိန်းတို့၏ သုံးပွင့်ဆိုင် အစည်းအဝေးတစ်ရပ်ပြုလုပ်ရန် အိုင်အေအီးအေ ညွှန်ကြားရေးမှူးချုပ်၏ အဆိုပြုချက်နှင့်ပတ်သက်၍ ပူတင်က ယင်းအယူအဆသည် ယေဘုယျအားဖြင့် အသုံးဝင်နိုင်သော်လည်း ယင်းကဲ့သို့သော အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် သို့မဟုတ် တတိယနိုင်ငံ တစ်နိုင်ငံတွင်ကျင်းပရန် ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရုရှားသမ္မတပူတင်က ရုရှားယူကရိန်းဆွေးနွေးပွဲများ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ နှစ်ဖက်အကြား ညှိနှိုင်းဆွေးနွေးမှု ဆက်လက်လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ပြင်သစ်သမ္မတ မက်ခရွန်အား ပြောကြားသည်။
အရေးကြီးဆုံးအချက်မှာ ယူကရိန်းဘက်မှ သဘောတူညီချက်ရရှိရန် အလေးအနက် ချဉ်းကပ်သင့်ကြောင်းနှင့် သဘောတူညီချက်ရရှိရန် အကောင်အထည်ဖော်ခြင်းသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အရေးကြီးကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။ ။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ