ကိယက်ဗ် မတ် ၈
ယူကရိန်းနိုင်ငံသည် မာရီပေါမြို့ရှိ အရပ်သားများအား ယမန်နေ့မှစတင်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ယူကရိန်းစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူဖြစ်သည့် ပက်ဖ်ဗလိုခရာလန်ကိုက ဖေ့စ်ဘွတ်တွင် ရေးသားခဲ့သည်။
မာရီပေါမြို့သို့ ကယ်ဆယ်ရေးဘတ်စ်ကားများ ထွက်ခွာသွားသည်ကို တွေ့မြင်ရကြောင်း ယူကရိန်း သတင်းအေဂျင်စီက ပြောကြားသည်။ ရုရှားနှင့် ယူကရိန်းအကြား ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် အရပ်သားများအား ကယ်တင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ ဖွင့်လှစ်ရန်နှင့် အပစ်အခတ် ယာယီရပ်စဲရန် နှစ်ဖက်အကြား သဘောတူညီချက်ရရှိခဲ့သည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - စိုးသူရ