မကွေး   မတ်   ၈

စားအုန်းဆီစျေး ဆက်တိုက်မြင့်တက်မှုနှင့် ဆီလိုချင်တိုင်း ဝယ်မရသည့် အခြေအနေများကြောင့် ဆီကို အဓိကအသုံးပြုလုပ်ကိုင်ရသည့် မကွေးတိုင်းဒေသကြီးရှိ ပဲကြော်ဖို၊ မုန့်လုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေရကြောင်း လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်ကစကာ စားအုန်းဆီစျေး ဆက်တက်မြင့်တက်သလို စျေးအတက်ကြမ်း တာတွေကြောင့် တချို့မုန့်လုပ်ငန်းရှင်တွေနဲ့ ပဲကြော်ဖိုလုပ်ငန်းရှင်တွေက ရပ်နားနေရတာပါ။ စားအုန်းဆီစျေးဟာ တစ်ရက်နဲ့တစ်ရက် စျေးကွာခြားမှုရှိပြီး တကယ်လိုအပ်တဲ့အချိန်မှာ ဝယ်မရတာတွေ၊ စျေးနှုန်းအတက်ကြမ်းတာတွေက လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေ ပါတယ်” ဟု  ကျော်ဇော ပဲကြော်ဖို လုပ်ငန်းရှင် ဦးခင်မောင်သန်းက ပြောပြသည်။ ဆီစျေးအတက်ကြမ်းပြီး ဝယ်မရတဲ့အခက်အခဲကို နေခြည်အာလူးကြော်လုပ်ငန်းမှ ကိုတူးက “ဆီစျေးအပြင် တခြားကုန်ကြမ်းစျေးတွေကလည်း မြင့်တက်နေတဲ့အတွက် ယာယီရပ်နားရတော့မယ့် အခြေအနေဖြစ်နေကြောင်း” ပြောပြသည်။

မြန်မာနိုင်ငံတွင် လတ်တလော အဆမတန် မြင့်တက်နေသော စားအုန်းဆီစျေးများ ပုံမှန်ကျဆင်း သွားမှသာ လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်မှာ ဖြစ်သည့်အတွက် စျေးအကျကိုပဲ မျှော်လင့်လျက်ရှိကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

ထက်အာကာ