ကျွန်းစု မတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ကျေးရွာအနီး၌ မတ် ၇ ရက် နံနက် ၇ နာရီက တနင်္သာရီမြစ်အတွင်း ကျောက်ချရပ်နားထားသည့် ဝါလတ်ငါးဖမ်းစက်လှေ တစ်စီးပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ကျေးရွာအနီး မီတာ ၂၀၀ ခန့်အကွာ တနင်္သာရီမြစ် အတွင်း၌ ကျောက်ချရပ်နားထားသော ဦးသိန်းနိုင်ဌေး မြိတ်မြို့နေသူ ပိုင်ဆိုင်သည့် GP အုပ်စု၊ တက်ထက်ပိုင် ၂၀ရ Y - ၁၈၄၅ ၊ အလျား ၉၈ ပေ၊ အနံ ၁၉ ပေ၊ ရေစူး ကိုးပေခွဲ၊ သစ်သားကိုယ်ထည် ဝါလတ်ငါးဖမ်းစက်လှေ၏ ပဲ့ခန်းအတွင်းရှိ ဘက်ထရီအိုး ခေါင်းချောင်ပြီး မီးပွင့်ရာမှ အနီးရှိ ပစ္စည်းအဟောင်းများနှင့် အင်ဂျင်ဝိုင်အဟောင်းထည့်ထားသော ပုံးများသို့ ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးစီး၍ သန္ဓေ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၃၆ ဦးတို့က စပိဘုတ်နှင့် စက်လှေများဖြင့် အပေါ့စားမီးသတ်စက် သုံးလုံး၊ မီးခိုးစုပ်စက် တစ်လုံးတင်ဆောင်ပြီး အဖွဲ့ သုံးဖွဲ့ခွဲ၍ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီတွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ငွေကျပ် ၆၈၀၀၀ဝ ခန့်ရှိ ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဦးသန်းဇော်ဦး (ပဲ့နင်း) သရက်ချောင်းမြို့နယ်နေသူအား ကျွန်းစုမြို့နယ် ရဲစခန်းမှ (ပ)နံပါတ် ၁၉/၂၀၂၂၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်ဦး(မြိတ်)