ပြည်   မတ်   ၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ယခုနှစ် ဆောင်းရာသီ၌ နေကြာသီးနှံ စုစုပေါင်း ၈၅ ဧကကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ၁၀၅၄ ဧက စိုက်ပျိုးရန် မျှော်မှန်းလျာထားဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ယခုနှစ်ဆောင်းရာသီ၌ နေကြာသီးနှံစိုက်ပျိုးရာတွင် သီးညှပ် ၇၅ ဧကနှင့် သီးသန့် ၁၀ ဧက စုစုပေါင်း ၈၅ ဧကကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ် နေကြာသီးသန့် တစ်ဧက အထွက်နှုန်း တင်း ၄၀ ကျော်နှင့် သီးညှပ် တစ်ဧက ၂၇ တင်းခန့် ထွက်ရှိ၍ မျှော်မှန်းပန်းတိုင်အထွက်နှုန်း နီးပါးထွက်ရှိကြောင်း၊ လာမည့်နှစ်တွင် ဆောင်းသီးနှံ နေကြာသီးသန့် ဧက ၁၅၀ ကျော်နှင့် (မတ်ပဲ ကုလားပဲ၊ ပဲတီစိမ်း၊ မြေပဲ )တို့နှင့် ရောနှော၍ သီးညှပ်ဧက ၁၀၀၀ ကျော် စိုက်ပျိုးရန် မျှော်မှန်းလျာထားပြီး ပဲခူးတိုင်းဒေသကြီး၏ ဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောပြသည်။ 

ပြည်မြို့နယ်တွင် ဆီထွက်သီးနှံအနေဖြင့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မိုးမြေပဲ ဧက ၁၁၀၀၀၊ ဆောင်းမြေပဲ ဧက ၆၆၀၀ ကျော်၊ မိုးနှမ်း ၈၂၇၆ ဧက၊ ဆောင်းနှမ်း ၈၂၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နွေနှမ်း ၁၁၅ ဧကကိုလည်း ရာနှုန်းပြည့်စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)