mdn

ပခုက္ကူ   မတ်   ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာတွင် လက်ပံပင်များ စတင်ဖူးပွင့် ကြွေကျလာပြီဖြစ်သဖြင့် လက်ပံပွင့်ခြောက် ကောက်ယူရောင်းချသူ များပြားလာကြောင်း သိရသည်။

“ဒေသခံပြည်သူတွေ ကောက်ယူလာတဲ့ လက်ပံပွင့်ခြောက်တွေကို ရွာတွင်းက ဝယ်ယူစားသုံးကြတာရှိသလို ပခုက္ကူမြို့ပေါ် အမှတ်(၁) စည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးများရှိ ဈေးသည်တွေထံ တစ်ပြည်ကို ငွေကျပ် ၅၀၀ ဖြင့် သွားရောက်ရောင်းချကြတာလည်း ရှိပါတယ်။  လက်ပံပင်တွေဟာ များသောအားဖြင့် တပို့တွဲလအတွင်း စတင်ဖူးပွင့်ပြီး တပေါင်းလရောက်မှသာ လက်ပံပွင့်ခြောက်တွေ ကြွေကျတတ်ပါတယ်၊ လက်ပံပွင့်ခြောက် ကောက်သူတစ်ဦးက  တစ်နေ့ကို အနည်းဆုံး ငါးပြည်ကနေ အများဆုံး ဆယ်ပြည်လောက်နီးပါးအထိ ကောက်ယူရရှိနေတာကြောင့် လက်ပံပွင့်ခြောက် ကောက်ရောင်းသူတွေ ဝင်ငွေကောင်းပြီး  မိသားစု စားဝတ်နေရေးပါ အထောက်အကူဖြစ်စေတယ်လို့" လယ်ယာကျေးရွာမှ လက်ပံပွင့်ခြောက်ကောက်သူ မသဇင်က ပြောပြသည်။

လက်ပံပွင့်ခြောက်တွေကို မန်ကျည်းသီးမှည့် သိုလှောင်သကဲ့သို့ သိုလှောင်ကြကာ  အသား၊ ငါးတွေနဲ့ရောချက် စားသောက်ကြကြောင်း၊  တချို့ မှာ သုပ်စားကြကြောင်း၊  လယ်ယာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် အနီရောင်နှင့် အဝါရောင်ဖူးပွင့်သည့် လက်ပံပင် ၂၀ ကျော်ရှိပြီး လက်ပံပွင့်ခြောက် ကောက်ယူရောင်းချသူ များပြားလာလျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)