နေပြည်တော် မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၃၄ လမ်းတွင် တင်ဝင်း (၅၅)နှစ် မောင်းနှင်သည့် NISSAN ၁၂ ဘီးယာဉ်ကို စောင့်ကြည့်နေစဉ် အိုက်စံ(ခ)ဝင်းဆိုင်(ခ)အားရှန် (၃၃)နှစ်နှင့် ရော်ကျိန်းရန်(ခ)အားခွိုက် (၃၂)နှစ်တို့ ဆိုင်ကယ်ဖြင့် ထပ်မံရောက်ရှိလာသဖြင့် ၎င်းတို့ကို ထိန်းသိမ်းပြီး ၁၂ ဘီးယာဉ်ကို ရှာဖွေခဲ့ရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်း၊ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို နှင့် ဘိန်းဆီခဲ ၆၂ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ပြီး အိုက်စံနှင့် ရော်ကျိန်းရန်တို့သည် မန္တလေးတွင် လက်ခံသူများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်