ရန်ကုန်   မတ်   ၉

၂၀၂၂ ကမ္ဘာ့စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို မတ် ၈ ရက်က ကာတာနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာစနူကာကစားသမား အောင်ဖြိုးသည် ကမ္ဘာ့စနူကာပြိုင်ပွဲ၏ ၃၂ ဦး ရှုံးထွက် အဆင့်သို့ တက်ရောက်သွားသည်။

ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာကစားသမား နှစ်ဦးအနက် အောင်ဖြိုးမှာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပြီး ဝင်းကိုကိုမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

အုပ်စုနောက်ဆုံးပွဲစဉ်များတွင် အောင်ဖြိုးက အီရန်ကစားသမား အမ်မရီကို လေးပွဲပြတ်ဖြင့် အရေးနိမ့် ခဲ့ပြီး ဝင်းကိုကို က အီရန်ကစားသမား အလီကို ၄-၂ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အောင်ဖြိုးက သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ၃၂ ဦးရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဝင်းကိုကို မှာမူ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ယင်းပြိုင်ပွဲကို အုပ်စု ၁၆ ခုခွဲ၍ ကျင်းပလျက် ရှိပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်ဦးစီမှာ ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ကမ္ဘာ့စနူကာပြိုင်ပွဲ ၃၂ ဦး ရှုံးထွက်အဆင့်ပွဲစဉ်များနှင့် ၁၆ ဦး အဆင့် ရှုံးထွက်ပွဲစဉ်များကို မတ် ၉ ရက် (ယနေ့) ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ-ကိုစံ