ဆစ်ဒနီ မတ် ၉
ဩစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် သီတင်းပတ်အတော်ကြာရေကြီးမှုကြောင့် သေဆုံးသူ ဦးရေမှာ ၂ဝ အထိရှိလာခဲ့သည်။ ။
ဆစ်ဒနီမြို့၌ ရေကြီးမှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းကို ထပ်မံတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူဦးရေမှာ ၂၀ အထိ ရှိလာခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသားနှင့် အမျိုးသမီးမှာ ရေစီးကြောင်းအတွင်း နစ်နေ သည့်ကားထဲမှ သားအမိနှစ်ဦးဖြစ်နိုင်သည်ဟု ရဲအဖွဲ့များက သံသယရှိသည်။
မုန်တိုင်းအခြေအနေ ဆိုးရွားလာသည့်အတွက် ဆစ်ဒနီဒေသခံ ထောင်ပေါင်းများစွာအား ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ရဲအဖွဲ့များက တိုက်တွန်းထားသည်။ ဆစ်ဒနီမြို့သည် နောက်ထပ် ခက်ခဲသည့် ၂၄ နာရီကို ဖြတ်ကျော်ရဖွယ်ရှိကြောင်း အမျိုးသား မိုးလေဝသဗျူရိုက ခန့်မှန်းထားသည်။
လူပေါင်း ၆၀၀၀၀ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ထားသည်။ ဆစ်ဒနီမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတားများ၊ နေအိမ်များ ရေလွှမ်းမိုးမှုဖြစ်ပေါ်ပြီး ကားများမှာ လည်းရေစီးနှင့်အတူ မျောပါသွား ကြသည်။ စူပါမားကတ်များ၏ ခေါင်မိုးများ ပျက်စီးရသည်။ မြို့တော် မြောက်ဘက်ရှိ အဓိကရေကာတာမှာလည်း မတ် ၈ ရက်တွင် ရေစတင်လျှံကျနေပြီဖြစ်သည့်အတွက် ဒေသခံပေါင်း ၂၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်နယ်တစ်လွှား အရေးပေါ်ကယ်ဆယ်ရေးအတွက် ရေဘေးကယ်ဆယ်မှုပေါင်း ၁၀၀ နီးပါး ကို ပြုလုပ်ခဲ့ရပြီး အဆိုပါအရေအတွက်ထက်ပို၍ များပြားလာနိုင်ဖွယ်ရှိသည်ဟု သိရသည်။ နယူးဆော့သဝေး ပြည်နယ်တွင်လည်း ယခုသီတင်းပတ်အတွင်း ရေကြီးမှုကြောင့်နေအိမ်များ ပျက်စီးခဲ့ရသည်။ လူပေါင်းထောင်နှင့်ချီ၍ နေအိမ်ခေါင်မိုးများတွင် တက်နေခဲ့ရသည်။
အေအက်ဖ်ပီ