ကြို့ပင်ကောက်   မတ်    ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဆောင်းသီးနှံများ ရိတ်သိမ်းပြီးချိန် နွေစပါးဧက ၁၆၇၁ ဧကထက် ကျော်လွန်၍ စိုက်ပျိုးသွားရန် လျားထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက အခုရက်ပိုင်းအတွင်း ဘော်ဘင်ဆည်မှ နွေစပါးစိုက်ပျိုးရန် ရေစတင်ပို့လွှတ်တော့မည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးမည့် တောင်သူများကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် သက်တမ်းတို ရက် ၉၀ စပါးမျိုးများနှင့် ထိုင်းနှံကောက် ၁၀၅ ရက် စပါးမျိုးများကို တစ်တင်းခွဲတစ်အိတ်လျှင် ၁၈၀၀၀ ကျပ်နှုန်း ဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း၊ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လျာထားစိုက်ဧက ၁၆၇၁ ထက် ကျော်လွန်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဧက စပါးအထွက်နှုန်း တိုးတက်လာစေရေး အတွက် စိုက်ခင်းများထဲအရောက် စိုက်ပျိုးရေးနည်းပညာများလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း ပြောပြသည်။

နွေစပါးစိုက်ပျိုးရန် ရေရရှိတဲ့အနေအထားပေါ်မူတည်၍ သက်တမ်းတို ရက် ၉၀ စပါးမျိုးများကိုသာ စိုက်ပျိုးသွားမည်ဖြစ်ပြီး လုပ်သားအင်အား ရှားပါခြင်းကြောင့် သဏ္ဍန်ကြဲသည့်စနစ်ဖြင့်သာ စိုက်ပျိုးသွားမည်ဟု သိုက်တူးကုန်းကျေးရွာမှ တောင်သူ ကိုအောင်မင်းစိုးက ပြောပြသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)