နတ်တလင်း မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ နွေစပါးများကို တောင်ညိုဆည်မှ ရရှိသော ရေများဖြင့် ဧက ၄၄၁၀ စိုက်ပျိုးရန် လျာထားခဲ့ရာ ယခုအခါ တောင်သူများ အနေဖြင့် လျာထားဧကထက် ကျော်လွန်၍ ၄၄၇၁ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးသောစပါးမျိုးမှာ ရတနာတိုး ၄၄၆၂ ဧကနှင့် ရက်တစ်ရာ ၉ ဧကဖြစ်ပြီး ဘက်စုံ အဆင့်မြင့်သုံး စံပြစိုက်ကွင်းအတွက် စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ မြေဩဇာ၊ စိုက်ပျိုးစရိတ်များ ပံ့ပိုးပေးပြီး စိုက်ခင်းအောင်မြင်ရေးအတွက် မြေ၊ မျိုး၊ ပိုး တာဝန်ခံများနှင့် ဝန်ထမ်းများက စိုက်ခင်းများအရောက် မြေပြင်ကွင်းဆင်း၍ တောင်သူများနှင့် ပူးပေါင်းကာ ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်ပေးခြင်း၊ မျိုးသန့်စံပြကွက်၌ မျိုးကွဲပယ်ခြင်း၊ သွင်းအားစုများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


