mdn

နေပြည်တော်   မတ်   ၉

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ‌ဇေယျာအောင်မြေလမ်းရှိ RC လေးထပ်အဆောက်အအုံ ပထမထပ်တွင် မတ် ၈ ရက် ည ၈ နာရီ ၅၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ နေပြည်တော် မီးသတ်ဦးစီးမှူးရုံး၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံး၊  ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး၊ ဗလသိဒ္ဓိ နယ်မြေမီးသတ်စခန်း၊ သုခသိဒ္ဓိနယ်မြေ မီးသတ်စခန်းတို့မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၁၉ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှု အကြောင်းအရင်းမှာ (ယခင်) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာနရုံး အဆောက်အအုံ (ယခု) ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနသို့ လွှဲပြောင်းပေးထားသည့် အဆောက်အအုံ သုံးလုံးအနက်မှ Building (A) အလျား ပေ ၂၄၀၊ အနံ ၄၆ ပေ၊ RC လေးထပ်အဆောက်အအုံ ပထမထပ်အခန်း (A-12) အစည်းအဝေးခန်းမရှိ  ကော်လံတိုင်အတွင်း ထည့်သွင်းထားသည့် ဝါယာကြိုးရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် အစည်းအဝေးခန်းမအတွင်းရှိ (Hitachi Air-Con 7.5 Hp) နှစ်လုံးနှင့် အလျား ၁၅ ပေ၊ အနံ ပေ ၃၀ ရှိ အကာမှန်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၂၄၀၀၀၀၀ ခန့်ရှိကြောင်း၊ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ လုံခြုံရေးတာဝန်ကျ ဦးစောမျိုးလှိုင်အား ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) နယ်မြေရဲစခန်းမှ (ပ)၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)