တီဟီရန် မတ် ၁၁

 

အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတွင် အမေရိကန်သည် တရားမျှတမှု မရှိသော တောင်းဆိုချက်များကို တောင်းဆိုနေပြီး အီရန်အပေါ် ဖိအားများပေးလျက်ရှိကြောင်း အီရန်အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီရှန်ခါနီက ယနေ့ပြောကြားသည်။

 

အမေရိကန်သည် နျူကလီးယားအရေး ညှိနှိုင်းဆွေးနွေးရာတွင် အီရန်၏ တိကျသောစည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ သဘောတူညီချက်များရရှိရေး ဆောင်ရွက်ရန်အတွက်လည်း စိတ်ပါဝင်စားမှုမရှိကြောင်း ၎င်းက ပြောကြားသည်။

 

ထို့ပြင် အမေရိကန်၏ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရန် ကြန့်ကြာမှုကလည်း နျူကလီးယား ဆွေးနွေးပွဲကို နှောင့်နှေးစေကြောင်း ၎င်းက ပြောကြားသည်။ အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အနောက်နိုင်ငံများနှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက် ရရှိခဲ့သော်လည်း အမေရိကန်သမ္မတဟောင်း ထရမ့်လက်ထက် ၂၀၁၈ ခုနှစ် တွင် အမေရိကန်က အဆိုပါသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အီရန်အား အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ နျူကလီးယား သဘောတူညီချက် ပြန်လည်ရရှိစေရန် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ တရုတ်၊ ရုရှားနှင့် အီရန်တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ အမေရိကန်က သွယ်ဝိုက်၍ ပါဝင်ဆောင်ရွက်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ