မင်းဘူး မတ် ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် သုံးစွဲသူများပြီး ဝယ်လိုအားများခြင်းကြောင့် ငရုတ်သီးခြောက်ဈေး အဆမတန် မြင့်တက်လျက်ရှိကြောင်း ရွာသာပွဲရုံပိုင်ရှင် ဒေါ်စိန်မြထံမှ သိရသည်။
မင်းဘူးမြို့တွင် ငရုတ်သီးစိမ်းဈေးသာ အတက်အကျရှိသော်လည်း ငရုတ်သီးခြောက်များမှာ ပွဲရုံဈေး ကျပ် ၇၃၀၀ မှ ၇၆၀၀ အတွင်းသာရှိကြောင်း၊ ယခုနှစ်လည်း ကျောက်စိမ်း၊ ဗီယက်နံ၊ ၆၉၂ စသည်ဖြင့် ငရုတ်သီးခြောက် အမျိုးမျိုးရှိပြီး တစ်ပိဿာ ကျပ် ၇၀၀၀ ဖြင့် ဝင်ရောက်လာခြင်းကြောင့် ယခုနှစ်တွင် ငရုတ်သီးခြောက်ဈေး အဆမတန် မြင့်တက်လာကြောင်း ငရုတ်သီးကုန်သည် ဦးသာပေါက ပြောသည်။
မင်းဘူးမြို့ပွဲရုံများသို့ ငရုတ်သီးခြောက် လာရောက်ရောင်းချလျက်ရှိသော မြို့နယ်များမှာ ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ ပွင့်ဖြူ၊ ကလော၊ အောင်ပန်း၊ ပျဉ်းမနား၊ သာစည်၊ ရမည်းသင်းမြို့နယ်များနှင့် မင်းဘူး(စကု)မြို့နယ်အတွင်းမှ ဝက်လွတ်၊ ရှားတော၊ သနပ်ပင်စု၊ ပဒေသာကျွန်း၊ နိဗ္ဗာန်ကျွန်း၊ ရွာသစ်ကုန်း၊ မန်းကျိုးကျေးရွာများမှလည်း အများဆုံး လာရောက်ရောင်းချလျက်ရှိကြသည်။
မင်းဘူးမြို့ဈေးထဲတွင် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ် ၈၀၀၀ ဈေး လက်လီဝယ်ယူစားသုံးကြရပြီး မင်းဘူးမြို့နယ်အပြင် ရခိုင်ပြည်နယ်ရှိ မြို့များသို့ တစ်နေ့လျှင် ငရုတ်သီးခြောက် ပိဿာချိန် ၈၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ တင်ပို့ရကြောင်း ရခိုင်ပြည်နယ်သို့ ကုန်ပစ္စည်း အများဆုံးဖြန့်ဖြူးရောင်းချသူ ကိုသာပေါထံမှ သိရသည်။
ဝင်းနိုင်


