ကျောက်ဆည်၊ မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေနှမ်း (၂၄၁၃)ဧက စိုက်ပျိုးခဲ့ပြီး ကျားကာကျေးရွာတွင် စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
နွေနှမ်းများစိုက်ပျိုးရာတွင် တိုက်နယ်(၆)တွင် (၁၂)ဧက၊ တိုက်နယ်(၈)တွင် (၇၈၀)ဧက၊ တိုက်နယ်(၁၁)တွင် (၂၈၇)ဧက၊ တိုက်နယ်(၁၂)တွင် (၁၂၆၄)ဧက စုစုပေါင်း(၂၄၁၃)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
နှမ်းတစ်ဧကစိုက်ပျိုးမည်ဆိုပါက နှမ်းမျိုးစေ့(၃)ပြည်ခန့် ကုန်ကျကြောင်းနှင့် သိပ္ပနည်းကျ စိုက်ပျိုးမည်ဆိုပါက အပင်များ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း သရှိရပြီး နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာပေး စခန်းများအလိုက် စိုက်ခင်းများအရောက်ကွင်းဆင်းကာ နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


