ညောင်ဦး မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သည့် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ဆွမ်းသပိတ်လုံးရေစက်ချလှူဒါန်းပွဲ အစီအစဉ်ဖြင့် အကျဉ်းချုံး ကျင်းပသွားရန် စီစဉ်ထားရှိကြောင်း ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
ရွှေဆံတော်စေတီတော်မြတ်ကြီးကို ကောဇာသက္ကရာဇ် ၄၁၉ ခုနှစ်၊ အေဒီ - ၁၀၅၇ တွင် အနော်ရထာမင်းကြီး၏ ကောင်းမှုတော်ဖြင့် တည်ထားကိုးကွယ်သည့် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစား ဝင်ရောက်ဖူးမြော်ကြကြောင်းလည်း သိရသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဘုရားဂေါပကအဖွဲ့ ဖွဲ့စည်းပြီး ထိန်းသိမ်းစောင့်ရှောက်၍ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်လျက်ရှိကာ ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဗုဒ္ဓပူဇနိယပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း (၁၅)ရက်၊ (မတ် ၁၆ ရက်) ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် သံဃာတော်အရှင်သူမြတ် (၄၅)ပါး ပင့်ဖိတ်၍ ဆွမ်းသပိတ်လုံး လောင်းလှူပူဇော်ခြင်းနှင့် လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းခြင်း အစီအစဉ်ဖြင့် အကျဉ်းချုံး ကျင်းပသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
အနော်ရထာမင်းကြီး၏ ကောင်းမှုတော်ဖြင့် တည်ထားကိုးကွယ်သည့် သမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဆွမ်းသပိတ်လုံးနှင့် လှူဖွယ်ပစ္စည်းများ ကုသိုလ်ပါဝင် လှူဒါန်းလိုသော ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များအနေဖြင့် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


