နေပြည်တော် မတ် ၁၅
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဆောင်၍ ရွှေဈေးကွက် စောင့်ကြည့် ထိန်းသိမ်း ကြပ်မတ်ရေး ဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၁၁ ရက် နံနက် ၁၀ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပခဲ့သည်။
တွေ့ဆုံပွဲသို့ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်အောင်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ရွှေဈေးကွက် စောင့်ကြည့် ထိန်းသိမ်း ကြပ်မတ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ရဲမှူးချုပ် မျိုးသူစိုး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးမြင့်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးဝင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးစိုးနောင်ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဌာနမှူး ဦးသန့်ဇင်ထွန်း၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ကလျာပြည့်ဝေလျှံ၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရွှေဈေးကွက်အတွင်း ထုတ်လုပ်မှုအခြေအနေ၊ ရောင်းဝယ်မှုအခြေအနေ၊ ပြည်တွင်း၊ ပြည်ပရောင်းချမှုများအတွက် Data များရယူခြင်း အပါအဝင် ပြည်တွင်းရွှေဈေးနှုန်းကို သတ်မှတ်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် နိုင်ငံတကာ နည်းစနစ်များနှင့်အညီ စံသတ်မှတ်ချက်များထားရှိ သတ်မှတ်ဖော်ဆောင်ရန် သီးခြားအဖွဲ့များဖွဲ့၍ လိုအပ်သလို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခြင်းတို့ကိုလည်းကောင်း၊ ငွေကြေးဈေးကွက်နှင့် ဆက်စပ်ပြီး ဘဏ်များတွင် Importer, Exporter များ၏ ရောင်းဝယ်မှု အခြေအနေများအပေါ် မူတည်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းတို့ကိုလည်းကောင်း၊ အခြား ဆပ်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


