မြစ်ကြီးနား မတ် ၁၅
ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို မတ် ၁၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကား ပြောကြားသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းအပြင် စိုက်ပျိုးသီးနှံများကို တိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အထူးသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံများကို အရည်အသွေးကောင်းမွန်စွာဖြင့် ဈေးကွက်သို့ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များသာမက သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများကိုယ်တိုင် ထုတ်လုပ်လာနိုင်ရေး အရင်းအနှီးတတ်နိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ပံ့ပိုးကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပြည်သူ ပူးပေါင်းပြီး Public Private Partnership လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သကဲ့သို့ ပြည်နယ်အတွင်း လယ်ယာကဏ္ဍအပေါ် မှီခိုနေသည့် ပြည်သူအများစု၏ လူနေမှုဘဝကို မြှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် တောင်သူများ ဝင်ငွေတိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်ခရိုင်များမှ သင်တန်းသား/ သင်တန်းသူ (၃၀)တို့အား သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ စိုက်ပျိုးသီးနှံထုတ်ကုန်များ ကုန်ချောပြုလုပ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချပေးလျက်ရှိသော ထုတ်ကုန်ပစ္စည်းများ ပြသထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မျိုးမြင့်စိုး(ပြန်/ဆက်)


