မော်စကို မတ် ၁၇
ရုရှားနှင့်အီရန်တို့သည် အီရန်နျူကလီးယား သဘောတူညီချက် အလျင်အမြန် ပြန်လည်ရရှိရေးအတွက် လက်တွဲ ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က မတ်လ ၁၆ ရက်နေ့တွင် ပြောကြားသည်။ ။
အဆိုပါနျူကလီးယားအရေးဆိုင်ရာ တရားဝင်လုပ်ငန်း မူဘောင်အတိုင်း ဝါရှင်တန်အနေဖြင့် ဆောင်ရွက်ရန် မော်စကိုက လိုလားလျက်ရှိပြီး အီရန်အား ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို အမြန်ဆုံးဖယ်ရှားရန်လည်း မော်စကိုက တောင်းဆိုကြောင်း ရုရှားနိုင်ငံသို့ရောက်ရှိနေသော အီရန်နိုင်ငံခြားရေး ဝန်ကြီး ဟူစိန် အမန်အဒိုလာဟင်နှင့် တွေ့ဆုံ ဆွေးနွေးအပြီးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
ရုရှားသည် နျူကလီးယားဆိုင်ရာသဘောတူညီချက် ရရှိရေးတွင် နှောင့်နှေးစေရန် ဆောင်ရွက်မှုများရှိနေကြောင်း အမေရိကန်၏ စွပ်စွဲချက်အားရုရှားက ငြင်းဆိုလိုက်ပြီး အမေရိကန်သည် နျူကလီးယားအရေးတွင် ၎င်းကိုယ်တိုင် ခိုင်မာသောဆုံး ဖြတ်ချက်မချမှတ်နိုင်ဘဲ အခြားနိုင်ငံများအား ဆွေးနွေးပွဲ နှောင့်နှေးမှုအတွက် ပြစ်တင်ပြောဆို လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။ အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေး ရုရှား၏ အပြုသဘောဆောင်သော ဆောင်ရွက်ချက်များအတွက် ကြိုဆိုကြောင်း အဒိုလာဟင်က ပြောကြားသည်။ အမေရိကန်အနေဖြင့် အဆိုပါဆွေးနွေးပွဲတွင် များပြားသော တောင်းဆိုမှုများကို မပြုလုပ်ခြင်းဖြင့် နျူကလီးယားသဘော တူညီချက်ပြန်လည်ရရှိရေး လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ၎င်းကပြောကြားသည်။ ။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-စိုးသူရ