ကလော မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် သတင်းမှန်၊ သတင်းမှား ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကို မတ် ၁၇ ရက်က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း) ကျောင်းအုပ်ဆရာကြီး ဦးခွန်စိုးစံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က သတင်းမှန်၊ သတင်မှား ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောရာ ယခုလတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများပေါ်တွင် ကျောင်းသားများအနေဖြင့် သတင်းမှန်၊ သတင်းမှား ခွဲခြားနိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ဟောပြောပွဲ အတွေ့အကြုံများကို လက်ဆင့်ကမ်းမျှဝေစေလိုကြောင်း၊ မီဒီယာ၏အဓိပ္ပါယ်၊ မီဒီယာအမျိုးအစားများ၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိရှိနားလည်မှု၊ သတင်းနှင့် သတင်းအချက်အလက်၊ သတင်းမှား ခွဲခြားနည်းနှင့် သတင်းတုမှန်း သိရှိစေနိုင်မည့် နည်းလမ်းများနှင့် သတင်းတုမှန်း သိသာစေမည့် နည်လမ်း(၈) မျိုး၊ သတင်းမီဒီယာများအကြောင်း၊ သတင်းမီဒီယာကျင့်ဝတ်၊ သတင်းကောင်း၊ သတင်းမှန် ရွေးချယ်တတ်စေရေး အကြောင်းအရာများကို လက်တွေ့ပြသ ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့်ဒု-ကျောင်းအုပ်၊ နည်းပြများနှင့် ကျောင်းသားဦးရေ (၆၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်ဆက်)


