တွံတေး မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများက သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် တွံ​တေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် မတ် ၁၇ ရက်က သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး၍ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြိမ်းသတ်နည်းအား ဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအချိန်သည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးအတွက် မိမိရုံးတွင်သုံးစွဲသည့် လျှပ်စစ်ဝါယာ ကြိုးများ ဟောင်းနွမ်းပျက်စီးခြင်းရှိ/မရှိ စစ်ဆေးရန်၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်အောင် လျှပ်စစ်မီးကိုအထူးသတိပြု၍ သုံးစွဲကြရန်၊ ရုံးဆင်း၊ ရုံး​ပြန်တွင် မီးနှင့်ပန်ကာပိတ်ရန်၊ မိန်းချရန် မီးဘေးကြိုတင် ကာကွယ်နိုင်ရန်အတွက် ထားရှိသင့်သော ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ရေပုံးများ၊ မီးသတ်ဆေးဗူးများအား အသင့် တပ်ဆင်ထားရှိကြရန်၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ကြရန် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက်တွင်  မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးလောင်မှုဖြစ်ပေါ်လာပါက မီးငြိမ်းသတ်နည်းများအား လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင့်နှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးသား