အင်္ဂပူ   မတ်   ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မတ်  ၁၇  ရက် နံနက်ပိုင်းက ကျွဲသောင်ကျေးရွာအုပ်စု၊ မှန်ကုန်းကျေးရွာသို့သွားရောက်ပြီး‌လေပြင်း အန္တရာယ် ကြိုတင်ကာကွယ်‌ရေးအတွက် အိုးအိမ်များ အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းသုံး အိမ်ဆောက် ပစ္စည်း ဝါး၊ ထရံနှင့် ဓနိများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့ ဦးဆောင်‌သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လေပြင်းဒဏ်မခံနိုင်သော အိုးအိမ်များအတွက် အိမ် ဆောက်ပစ္စည်း ဝါး၊ ထရံနှင့် ဓနိများ‌ ထောက်ပံ့ပေးအပ်ခဲ့ပြီး လေပြင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ ဧပြီနှင့် မေလများတွင် ဖြစ်ပွားတတ်သော လေပြင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်နှင့် လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက် အဝန်းတစ်ခု ဖြစ်စေရန် ရည်ရွယ်ကာ အိုးအိမ်အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို အင်္ဂပူမြို့နယ် အတွင်းရှိ ဆုံကုန်းကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ကျီကြီးကျေးရွာအုပ်စု၊ မှတ်တိုင် ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စု(၄) အုပ်စုမှ အိမ်ခြေ အလုံး ၃၀၀ အတွက် အိမ်ဆောက်ပစ္စည်း ဝါး၊ ဓနိ၊ ထရံတို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။

မန်းကျော်(အင်္ဂပူပြန်/ဆက်)