မာန်အောင် မတ် ၁၉
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများနှင့် Grade – 9 စာမေးပွဲကို မတ် ၁၇ ရက်မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ ကျောင်းသား ကျောင်းသူများမှာ စာမေးပွဲ(တတိယ)နေ့ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade - 4 နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) နှင့် အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ အလယ်တန်းပြီးမြောက်မှုစာမေးပွဲ(Grade-9) နှစ်ဆုံး စစ်ဆေးခြင်းကို မတ် ၁၇ ရက်မှ ၂၃ ရက်အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် Grade -10 စာမေးပွဲ နှစ်ဆုံးစစ်ဆေးခြင်းကို မတ် ၁၇ ရက်မှစ၍ တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့်လည်းကောင်း သက်ဆိုင်ရာကျောင်း အသီးသီးတွင် စစ်ဆေးလျက်ရှိသည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်း ၁၁၈ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း စုစုပေါင်း ၁၁၉ ကျောင်းရှိပြီး ကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများကို ကျောင်းသား ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
သိန်းဖေ(ပြန်/ဆက်)


