နောင်ချို မတ် ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး အသိပညာပေး ဟောပြောပွဲကို မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကျောင်းသား/ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် ကလေးဘဝမှစ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ပညာဂုဏ် ပြည့်စုံဖို့ ကြိုးစားကြရန်၊ မိမိစာပေနှင့် မိမိလူမျိုးယဉ်ကျေးမှု ဓလေ့ထုံးစံများကို ချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားတတ်ရန်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းခင်မြတ်ဝါက “လူငယ်နဲ့ရည်မှန်းချက်”၊ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ရာ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
ထွေးငယ်(ပြန်/ဆက်)


