ကသာ မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ အားကစားစိတ်ဓာတ် မြင့်မားလာစေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီက “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကသာခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးသိန်းဆွေဝင်းက “စိတ်ဓာတ်ကောင်း ဖြစ်ထွန်းရေးနှင့် စည်းကမ်းလိုက်နာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက “အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသီးသီး အသိပညာပေး ဟောပြောကြသည်။
ထို့နောက် ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၃)မှ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းများမှ ဆရာမကြီးများက လက်ခံရယူခဲ့ကြကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှလည်း ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


