မြန်အောင် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းများနှင့် မုန်တိုင်းဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မတ် ၁၉ ရက်ကစ၍ အသင့်စုဖွဲ့ပြင်ဆင်ထားရှိကြောင်း သိရှိရသည်။
မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေထိုင်သောပြည်သူများ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဧရာဝတီမြစ်ကမ်းအနီး နေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် ရေလယ်သောင်ပြင်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေသူများ၊ သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာန အဆောက်အဦများတွင် အရေးကြီးစာရွက်စာတမ်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ကြိုတင် သိမ်းဆည်းထားကြရန်၊ တောင်ကျချောင်းဘေး နေထိုင်သူများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲ၊ နွားတိရစ္ဆာန်များ လေမိုးလွတ်ရာနေရာတွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွေ့ထားကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့က အသိပေးနှိုးဆော်ထားပါသည်။
မြန်အောင်မြို့နယ်အတွင်း မြန်အောင်မီးသတ်စခန်း၊ ကနောင်မီးသတ်စခန်း၊ ရွှေကျင်မီးသတ်စခန်းနှင့် သပြေကုန်း မီးသတ်စခန်းတို့တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများ အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုသူထံမှ သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)


