ဒေးဒရဲ မတ် ၂၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်၍ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး လိုက်လံနှိုးဆော်ခြင်းများကို ယနေ့နံနက် ၈ နာရီမှစတင်၍ လူစည်ကားရာ နေရာများနှင့် မြစ်ကမ်းတစ်လျှောက် အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်လျက်ရှိသည်။

 

အဆိုပါ အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ သင်္ဘောဆိပ်များနှင့် မြစ်ကမ်းတစ်လျှောက် စသည့်နေရာများတွင် မုန်တိုင်းအန္တရာယ် သတိပေး နှိုးဆော်ချက်များကို ပြည်သူများ သိရှိနိုင်ရေး အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

အေဇာလင်း