ထားဝယ် မတ် ၂၁

 

နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ကျောင်းသား/ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ရှည် ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ရည်မှန်းချက်ထားရှိရမှာ ဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း၊ ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရန်လိုကြောင်း၊ လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်ရန် ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်‌ရေး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ထားဝယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စံပယ်သွင်က လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊  သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နွေရာသီအားလပ်ရက်ရှည်ကာလတွင် အားကစားသင်တန်း/ပြိုင်ပွဲများ၌ တက်ရောက်ပါဝင်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်းနှင့် အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက်(၄)ချက်တို့ကို ရှင်းလင်းဟောပြောသည်။

 

ဆက်လက်၍ ထားဝယ်ခရိုင် တာဝန်ခံပညာရေးမှူးဆရာမကြီး ဒေါ်စန်းမွှေးက စိတ်ဓာတ်ကောင်းပြီး စည်းကမ်းရှိမှ တိုးတက်မည်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင်ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံသာမက စိတ်ကောင်း၊ နှလုံးကောင်းပြည့်ဝသော လူကောင်းများ ဖြစ်အောင်လည်း ကြိုးစားကြရန်၊ စိတ်ကောင်းရှိဖို့ပထမဆိုသည့်အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် ဆရာ/ဆရာမများက လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြပြီး ဖြစ်ပါကြောင်း၊ လူတော်လူကောင်း များများပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်းစသည်ဖြင့် ဟောပြောခဲ့ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ရွှေက အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ခရိုင်တာဝန်ခံ ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းမွှေးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

 

ရွှေပင်လယ်(ထားဝယ်)