သထုံ မတ် ၂၁

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး ပြည်သူများ သတိရှိရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက လိုက်လံဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက သထုံမြို့နယ်အတွင်း နှစ်စဉ် လေပြင်းဘေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသည့် မြစ်ချောင်းများ၊ ပင်လယ်ကမ်းစပ်တို့နှင့် နီးစပ်သည့် ကျေးရွာများသို့လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သထုံမြို့ပေါ်ရပ်ကွက်များသို့လည်းကောင်း လှည့်လည်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသည့် မုန်တိုင်းအန္တရာယ် အသိပေးကြေညာချက်များ၊ ကြိုတင်ပြင်ဆင်ထားရှိရမည့် အချက်များနှင့် သက်ဆိုင်ရာမှ ထုတ်ပြန်သော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာကြရေး စသည်တို့ကို လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။

 

သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေထိုင်သော ပြည်သူများ၊ မြစ်ကမ်းအနီးနေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာန အဆောက်အဦများတွင် အရေးကြီးစာရွက်စာတမ်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ကြိုတင်သိမ်းဆည်းထားကြရန်၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲနွားတိရစ္ဆာန်များ လေမိုးလွတ်ရာနေရာတွင် ပြောင်းရွှေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွှေ့ထားကြရန် အသိပေးနှိုးဆော်ထားပြီး မြို့နယ်အတွင်းရှိ နယ်မြေမီးသတ်စခန်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့စီစဉ်ထားရှိပြီးဖြစ်ကြောင်း သထုံခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ကိုကိုဦး(ခရိုင်ပြန်/ဆက်)