နေပြည်တော် မတ် ၂၁

 

အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သစ်တောသုတေသနဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုများကြောင့် ရာသီဥတု ပြောင်းလဲမှုများနှင့်အတူ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် သစ်တော များ၏ ရေရှည်တည်တံ့မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း၊ ၂၀၁၂ ခုနှစ်၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မတ် ၂၁ ရက်ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း၊ ယခုနှစ်အတွက် သတ်မှတ်ထားသော “ မျှတဆင်ခြင် ထုတ်သုံးလျင်၊ သစ်တောများတည်မြဲ ထာဝစဉ် ” “ Forests and Sustainable Production and Consumption ” ဆောင်ပုဒ်နှင့်အညီ သစ်တော သယံဇာတများကို ထာဝစဉ်တည့်တံ့အောင် ထိန်းသိမ်းရန်နှင့် စနစ်တကျ ထုတ်ယူသုံးစွဲရန် အလေးထားဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ သစ်တောများသည် သစ်၊ လောင်စာ၊ အစားအစာနှင့် တိရစ္ဆာန်အစာများကို ထောက်ပံ့နေသည့်အပြင် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ၊ မြေဆီလွှာနှင့် မြစ်ချောင်းများကို ကာကွယ်ပေးခြင်းတို့ကြောင့် ကမ္ဘာမြေကြီး ရေရှည်တည်တံ့ ကောင်းမွန်စေရေး၊ ဂေဟစနစ် တည်ငြိမ်ရေးနှင့် လူသားများ၏ ကောင်းကျိုးအတွက် မရှိမဖြစ် လိုအပ်ကြောင်း။

 

သစ်တောသယံဇာတများကို ထုတ်ယူသုံးစွဲသည့်အခါ ရေရှည်တည်တံ့စေသောနည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် လူသားများအတွက်သာမက ကမ္ဘာမြေကြီးအတွက်ပါ အကျိုးရှိသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှု လျော့ချရေးနှင့် သစ်တောများ ထာဝစဉ် တည်တံ့စေရေးအတွက် အမြဲတမ်း သစ်တောနယ်မြေများကို နိုင်ငံ ဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်း တိုးချဲ့ဖွဲ့စည်းနိုင်ရန် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်ထုတ်လုပ်မှုရပ်နားခြင်းနှင့် သစ်ထုတ်လုပ်မှု လျှော့ချခြင်းများကို ဆောင်ရွက်သကဲ့သို့ သစ်အလုံးလိုက် တင်ပို့ခြင်းကိုလည်း ရပ်ဆိုင်းခဲ့ပြီး ထွက်ရှိသော သစ်ခွဲသားများကို အပြည့်အဝ ထိရောက်စွာ အသုံးချနိုင်ရေးနှင့် တန်ဖိုးမြှင့်ခွဲသားများ ထုတ်လုပ်ရေး၊ သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောများရေရှည် တည်တံ့ရေးနှင့် စနစ်တကျ ထုတ်ယူသုံးစွဲ နိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် Video Clip ကိုပြသပြီး သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း လုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် မြို့နယ် (၃) မြို့နယ်နှင့် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးတွင် စွမ်းဆောင်ရည် ထူးချွန်သည့် သဘာဝထိန်းသိမ်းရေးနယ်မြေများမှ ဥယျာဉ်အုပ်ချုပ်ရေးမှူး (၃) ဦးတို့ကို ပြည်ထောင်စုဝန်ကြီးက ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပြသထားသော ပိုစတာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသော သစ်တောဦးစီးဌာန ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအပေါ် စိစစ်သုံးသပ်ချက်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး တာဝန်ခံများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်