ရွှေသောင်ယံ မတ် ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မုန်တိုင်းသတိပေးချက်များအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေသောင်ယံမြို့ မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။

 

ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော မုန်တိုင်းသတင်းအချက်အလက်များကို ပြည်သူများ အလွယ်တကူသိရှိစေရန် ပြန်လည်မျှဝေ ဆောင်ရွက်သွားမည်ဖြစ်ပြီး မုန်တိုင်းသတိပေးချက်များအပေါ် ပြည်သူများ အလေးထားလိုက်နာကြရန်၊ လိုအပ်လာပါက ရှောင်ရှားရန်၊ စားသောက်ရန် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန်၊ အရေးကြီးပစ္စည်းများ၊ စာရွက်စာတမ်းများ၊ အသင့်စားမုန့်ခြောက်များ၊ သောက်ရေများ၊ ဆေးဝါးများ စသည်ဖြင့် ကြိုတင်စီမံထားပြီး သတင်းထုတ်ပြန်ချက်များကို အချိန်ပြည့် နားထောင်ကြရန် လိုက်လံနှိုးဆော်ခဲ့ကြသည်။

 

ရွှေသောင်ယံ(ပြန်/ဆက်)