ဝမ်းတွင်း၊ မတ် ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အထက်တန်းကျောင်း(ဝမ်းတွင်း)၊ အားကာစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မတ် ၂၁ ရက်က အထက်တန်းကျောင်း(ဝမ်းတွင်း) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေမှူး ဦးကျော်မိုးဦးမှ လူငယ်မောင်မယ်များတို့သည် နိုင်ငံ၏အနာဂတ်များဖြစ်ကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းလာစေရေးအတွက် လူငယ်များကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားကာ လူငယ်မောင်မယ်များအတွက် ကျောင်းပိတ်ရက်များတွင် အကျိုးရှိစေသော သင်တန်းများဖွင့်လှစ်၍ အသိပညာဗဟုသုတများ တိုးပွားစေရန် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲသည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ ဖြစ်သည်နှင့်အညီ ငယ်စဉ်ကပင် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ လူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်စေရေးသည် အလွန်ပင်အရေးကြီးကြောင်း၊ ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးမှသာ နောင်အနာဂတ် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းက လူငယ်များအတွက် အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး အထက်တန်းကျောင်း(ဝမ်းတွင်း) တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးသော်တာဦးမှ "စိတ်ဓာတ်စည်းကမ်း အရင်းတည် သာယာသောလူ့ဘောင်ဆီ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြရာ ကျောင်းသား ကျောင်းသူများမှ သိလိုသည်များ ပြန်မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများမှ ကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ အထက်တန်းကျောင်း(ဝမ်းတွင်း)မှ တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဌေးလှိုင်(ဝမ်းတွင်း)