မနီလာ မတ် ၂၄
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက နိုင်ငံတကာခရီးသွားကဏ္ဍကို မြှင့်တင်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် ခရီးသွားကဏ္ဍ အလုပ်အကိုင်များကို ပြန်လည်ရှင်သန်ရန် နိုင်ငံခြားသား ဝင်ရောက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအား ဖြေလျှော့ပေးရန် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ မတ် ၂၁ ရက်က လက်မှတ်ထိုးခဲ့သော ဒူတာတေး၏ အမိန့်တစ်ရပ်တွင် နိုင်ငံတကာခရီးသွား လာရာတွင် လိုအပ်ချက်များကို ဖြေလျှော့ပေးရန် အစိုးရကို တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။ အဆိုပါတိုက်တွန်းချက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ထားသည့် နိုင်ငံခြားသား ခရီးသွားများအတွက် ကွာရန်တင်း ကင်းလွတ်ခွင့်လည်း ပါဝင်သည်။
ထို့အပြင် ပြည်တွင်းခရီးသွား ကဏ္ဍတိုးမြှင့်ရန် ပြည်တွင်းခရီးသွား ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးရန် အမိန့် ထုတ်ပြန်ထားသည်။ အစိုးရ၏ စီးပွားရေးပြန်လည်နာလန်ထူရေး အစီအစဉ်အများကို ချိန်ညှိအကောင်အထည် ဖော်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် ဒူတာတေးက အလေးအနက်တိုက်တွန်းခဲ့သည်။
လက်ရှိ စီးပွားရေးအကျိုး အမြတ်ရရှိရန်၊ စီးပွားရေးနာလန် ထူရေးနှင့်သက်ဆိုင်သည့် မူဝါဒများကို ချမှတ် အကောင်အထည်ဖော်ရန် အရေးပေါ်လိုအပ်လျက် ရှိကြောင်း၊ ကပ်ရောဂါကြောင့် ကာလရှည်ကြာ ဆိုးကျိုးသက် ရောက်မှုများကို ကျဉ်းမြောင်းစေရန်နှင့် နိုင်ငံ့ဖွံ့ဖြိုးရေးများကို ပြန်လည်ရရှိအောင် လုပ်ဆောင် သွားရန်လိုကြောင်း ဒူတာတေး၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ်က စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါ သည် ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး အလုပ်အကိုင်များ၊ ထုတ်လုပ်ရေးပိုင်းများကို များစွာ ရိုက်ခတ်ခဲ့ပြီး ဝင်ငွေများလည်း လျော့နည်းသွားခဲ့ကာ စီးပွားရေးလုပ်ငန်း အတော်များများ ပိတ်ပစ်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်။
ဆင်ဟွာ