ချောင်းသာ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ခေတ္တရပ်ဆိုင်းထားခဲ့သော အခြေခံပညာအဆင့် စာမေးပွဲများ မတ် ၂၅ ရက်တွင် ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း လတ်တလောဖြစ်ပေါ်ခဲ့သော မုန်တိုင်းအန္တရာယ်ကြောင့် ယခုလ ၂၂ ရက်တွင် ဖြေဆိုနေဆဲ အခြေခံပညာအဆင့် စာမေးပွဲများအား ခေတ္တရပ်ဆိုင်းထားခဲ့ရပြီး လာမည့် မတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖြေဆိုရန်ကျန်ရှိသည့် ဘာသာရပ်(၂)ခုအား ယခင်ဖြေဆိုခဲ့သည့် အချိန်များအတိုင်း ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။
ချောင်းသာမြို့တွင် ခေတ္တရပ်ဆိုင်းထားခဲ့သည့် အခြေခံပညာအဆင့် စာမေးပွဲများ ဆက်လက်ကျင်းပမည် ဖြစ်သောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မတ် ၂၃ ရက်က အဆိုပါကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)


