ရန်ကုန် မတ် ၂၅
မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းဘောလုံး အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲကျင်းပမည့်ရက်များ အတည်ပြု ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်မှ ၂၂ ရက်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မေ ၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သော်လည်း ဘောလုံးအပါအဝင် အားကစားနည်းအချို့ကို ဖွင့်ပွဲရက်ထက်စော၍ ပြုလုပ်သွားမည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကျင်းပရေး ကော်မတီထံ အကြောင်းကြားထားမှုအရ အမျိုးသားပြိုင်ပွဲတွင် ၁၀ သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ရှစ်သင်း ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စုနှစ်ခုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။
အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းအပါအဝင် လက်ရှိချန်ပီယံနှင့် အိမ်ရှင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ လာအိုနှင့် တီမော၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းအပါအဝင် လက်ရှိချန်ပီယံနှင့် အိမ်ရှင် ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဧပြီ ၆ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာဘောလုံးအသင်းများသည် နောက်ဆုံးကျင်းပသည့် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။
ကိုညီလေး